Tuesday, June 16, 2009

ပြတိုက်မြို့တော်

ပြတိုက်ဆိုသည်မှာ ယဉ်ကျေးမှုလက်ရာများ ထိန်းသိမ်းရာ၊ ရှေးဟောင်း အနုပညာ ပစ္စည်းများ စုဆောင်းရာ အဆောက်အဦးဆိုလျှင် ထိုအရာများ တည်ရှိရာ မြို့ကလေးကို ပြတိုက်မြို့ဟု ခေါ်ရပါလိမ့်မယ်။ သက္ကရာဇ် ၁၄၀၀လောက်မှာ Sumatra မင်းသားမှ စတင် တည်ထောင်ခဲ့ပြီး ၊ ၁၅၁၁ မှာ ပေါ်တူဂီတို့ရဲ့ လက်အောက်ခံ၊ ၁၆၄၁မှာ ဒက်ခ်ျ၊ ၁၈၂၄ခုနှစ်မှာ အင်္ဂလိပ် စသဖြင့် နယ်ချဲ့ အဆက်ဆက်တို့ လက်အောက်မှာ ကျင်လည်ခဲ့ရတဲ့အတွက် အရှေ့တိုင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှုများ ရောထွေး တည်ရှိနေတဲ့ မလက္ကာမြို့ကလေးကို ကမ္ဘာ့ယဉ်ကျေးမှု ပြတိုက်မြို့ကလေးအဖြစ် ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံနှင့် ယဉ်ကျေးမှူဆိုင်ရာအဖွဲ့ ( ယူနက်စကို )မှ သတ်မှတ်ခဲ့ပါတယ်။ ထိုမလက္ကာမြို့ဟာ မလေးရှားနိုင်ငံရဲ့ ပြည်နယ်မြို့ တစ်ခုဖြစ်ပြီး မလေးရှားနိုင်ငံ ကွာလမ်လာပူနှင့် စင်ကာပူနိုင်ငံတို့မှ ကားလမ်း ခရီးဖြင့်သွားလျှင် သုံးနာရီလောက်သာ ကွာဝေးပါတယ်။

စင်ကာပူမှ မလက္ကာသို့ တိုက်ရိုက် ပြေးဆွဲသော ကားများ ရှိသော်လည်း ကျွန်မတို့ အဖွဲ့ကတော့ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ကားစင်းလုံးဌား၍ မလက္ကာကို သွားခဲ့ပါတယ်။ ကျွန်မတို့ရောက်တဲ့ အချိန်မှာ မိုးလေးဖွဲဖွဲ လေးကျနေပြီး ကားဆရာက ကျွန်မတို့ တည်းမယ့် ဟိုတယ်ကို လမ်းပျောက်နေလို့ လိုက်ရှာရင်းနှင့် ကျွန်မတို့တတွေ မြို့လေးကို တပတ်ပတ် မောင်းပြီးသား ဖြစ်သွားပါတယ်။ အဆောက်အဦးနီနီတွေ ၊ လမ်းကျဉ်းကျဉ်းလေးတွေ၊ မြို့ကို ပတ်ပြီး စီးဆင်းနေတဲ့ မလက်ကာမြစ်ရယ်တို့ကြောင့် ပြတိုက်မြို့လေးဟာ ပိုပြီး အသက်ဝင် လှပနေခဲ့ပါတယ်။ မြို့ထဲ ပတ်ဝန်းကျင်က ဟောင်းနွမ်းနေတဲ့ ရှေးလက်ရာ အဆောက်အဦးတွေကို တမင်သက်သက် မပြုပြင်ဘဲ ထိန်းသိမ်းထားတာကိုလည်း အတုယူဖွယ် တွေ့ရှိခဲ့ရပါတယ်။

အထုတ်အပိုးတွေ ဟိုတယ်မှာ နေရာချထား ပြီးတဲ့နောက်မှာတော့ ညနေစောင်းနေပြီ ဖြစ်တဲ့အတွက် မြို့ထဲကို ပြန်မသွားတော့ဘဲ ဟိုတယ် အနီးအနားက Shopping Mall မှာ လည်ပတ် ဈေးဝယ် လိုက်ကြပါတယ်။ မလက္ကာမြို့မှာ စင်ကာပူထက် ဈေးသက်သာပြီး ပိုလို့ဝယ်လို့ ကောင်းပါတယ်။ နောက်တနေ့ မနက်စောစောမှာတော့ မြို့တပတ် Tour Bus စီးပြီး လျောက်ပတ်ကြပါတယ်။ အဲဒီနောက် ဒက်ခ်ျရင်ပြင် (Dutch Square)လို့ ခေါ်တဲ့ မြို့ရဲ့ ခရီးသွားများ အစည်ကားဆုံး နေရာကို ပထမဆုံး လည်ပတ်ခဲ့ပါတယ်။ Dutch Square (သို့) Stadthuys ဟာ အရင်က ဒက်ခ်ျအုပ်ချုပ်ရေးမှာ အချက်အချာကျလှတဲ့ အထင်ကရ နေရာဖြစ်ပြီး ၁၆၄၁ လောက်က တည်ဆောက်ခဲ့တဲ့ အဆောက်အဦးနီနီကြီးတွေဟာ ဒက်ခ်ျမှ တင်သွင်းလာတဲ့ အုတ်များနဲ့ တည်ဆောက်ထားပြီး ကမ္ဘာ့အရှေ့ပိုင်းမှာ ရှေးအကျဆုံး ဒက်ခ်ျအဆောက်အဦးတွေလို့ ယုံကြည်ထားကြပါတယ်။ Stadthuys အဆောက်အဦးကတော့ ဒက်ခ်ျမြို့တော်ဝန်ရဲ့နေအိမ်ဖြစ်ပြီး အခုအခါမှာတော့ သမိုင်းဆိုင်ရာပြတိုက်( Historic Museum) အဖြစ်ဖွင့်လှစ်ထားပါတယ်။

ထို ဒက်ခ်ျရင်ပြင်အနီး ပတ်ဝန်းကျင်မှာ Queen Victoria Fountain ၊ နာရီစင် ၊ Windmill Model ၊ Museum Belia ( Youth Museum)၊ Christ Church စသဖြင့် အခြား အဆောက်အဦးများ၊ လည်ပတ်စရာနေရာများနှင့် ပြည့်နှက်နေပါတယ်။ အင်္ဂလိပ်အုပ်ချုပ်ရေးရဲ့ ၇၅နှစ်ပြည့် အထိမ်းအမှတ် ဆောက်လုပ်ခဲ့တဲ့ Queen Victoria Fountain က Stadthuys နဲ့ နာရီစင် အကြားမှာရှိပါတယ်။ ၁၉၀၁မှာ တည်ဆောက်ခဲ့တဲ့ အဲဒီရေပန်းဟာ အခုထက်တိုင်အောင် မပျက်မယွင်း တည်ရှိနေပြီး အမှတ်တရ ဓာတ်ပုံရိုက်စရာ နောက်ခံကောင်း တစ်ခု ဖြစ်နေပါတယ်။ ထိုအနီး ပတ်ဝန်းကျင်မှာတော့ အမှတ်တရ ပစ္စည်းဆိုင်တန်းများ၊ ခရီးသွားများအတွက် မြို့ထဲ တပတ် လိုက်ပို့ပေးတဲ့ ဆိုက်ကားများနှင့် စည်ကားလှပါတယ်။ ဆိုက်ကားများကို ပန်းများနှင့် အလှဆင်ထားပြီး ခရီးသည်ပါရင် ကတ်ဆတ်ဖွင့်ပြီး လိုက်ပို့ပေးပါတယ်။ ကျွန်မတို့ အဖွဲ့ ဆိုက်ကား လေးစီးငှားပြီး ပတ်ကြတော့ သီချင်းဖွင့်ပြီး ကုလားဘုရားပွဲလှည့်နေသလိုပါပဲ။

ပြတိုက်မြို့ကလေးမှာ ပြတိုက်များစွာ ရှိတဲ့အနက် ကျွန်မတို့တတွေ Historic Museum နဲ့ Maritime Museum ကို သွားရောက်ခဲ့ပါတယ်။ ဒက်ခ်ျရင်ပြင်မှာရှိတဲ့ Historic Museum ထဲမှာ ခေတ်အဆက်ဆက်၊ အလံ အရောင် အမျိုးမျိုးအောက်မှာ ဖြတ်သန်းလာခဲ့ရတဲ့ မလက္ကာရဲ့ သမိုင်းအဆက်ဆက်ကို မငြီးငြူရအောင် တင်ဆက်ထားပါတယ်။ ပြတိုက်တစ်ခုဟာ နိုင်ငံတစ်နိုင်ငံနှင့် လူမျိုးကို ကိုယ်စားပြုတယ်ဆိုရင် ဒီ Historic Museum ဟာ မလက္ကာကို ကိုယ်စားပြုတယ်လို့ဆိုချင်ပါတယ်။ ဒက်ခ်ျရင်ပြင်ရဲ့ မျက်နှာချင်းဆိုင်မှာတော့ မလက္ကာ မြစ်ကမ်းဘေးမှာ ဆောက်ထားတဲ့ Maritime Museum တည်ရှိပါတယ်။ ယခင်က မလက္ကာမှ သယံဇာတများကို တင်ဆောင်ပြီး ပေါ်တူဂီအပြန် မလက္ကာပင်လယ်ကမ်းမှာ နစ်မြုပ်သွားခဲ့တဲ့ ပေါ်တူဂီ သဘောင်္ကြီး "Flor De La Mar"ရဲ့ ပုံစံအတိုင်း ပြန်လည် ဆောက်လုပ်ထားတဲ့ ဒီသဘောင်္ ပြတိုက်ကြီးပေါ်မှာ မလက္ကာရဲ့ ရေလုပ်ငန်းဆိုင်ရာ သမိုင်းကြောင်းတွေကို တင်ဆက်ထားပါတယ်။

ပြတိုက်တွေထဲမှာ လျောက်လေ့လာ ပြီးတဲ့နောက်မှာတော့ ကျွန်မတို့တတွေ စိန့်ပေါလ်ဘုရားကျောင်း တည်ရှိရာ စိန့်ပေါလ်တောင်ကို သွားကြပါတယ်။ တောင်ပေါ်မှာတော့ ပေါ်တူဂီများ တည်ဆောက်ခဲ့တဲ့ စိန့်ပေါ်လ် ဘုရားရှိခိုးကျောင်း တည်ရှိပါတယ်။ အမိုးတွေ မရှိတော့ဘဲ အကာတွေ ၊ တိုင်တွေပဲ ကျန်တော့တဲ့ ဒီဘုရားရှိခိုးကျောင်းကြီးနဲ့ လက်တစ်ဖက်ပြတ်နေတဲ့ ဘုန်းတော်ကြီးရဲ့ ရုပ်ထုတို့ဟာ မလက္ကာမြို့ရဲ့ ၀မ်းနည်းဖွယ်ရာတိုက်ပွဲတွေ၊ နယ်ချဲ့အမျိုးမျိုးတို့ရဲ့ အကြောင်းတွေကို သက်သေတည်ပြီး ပြောပြနေသလိုပါပဲ။ ဘယ်လိုပဲခေတ်တွေပြောင်း၊ အာဏာတွေလုယက်ခဲ့ကြပေမယ့် နောက်ဆုံးမှာ ဘယ်အရာမှ မတည်မြဲနိုင်ခြင်းကိုလည်း ဖော်ဆောင်နေပါတယ်။ စိန့်ပေါလ်တောင်ပေါ်မှ လှမ်းကြည့်ရင် Malacca Eyeကို မြင်နေရပြီး မြို့လေးကို အပေါ်မှ စီးကြည့်ရတာ တမျိုး လှပလှပါတယ်။

စိန့်ပေါလ်မှ အပြန်မှာတော့ နေလဲအတော်မြင့်နေပြီဖြစ်လို့ ကျွန်မတို့တတွေ နေ့လည်စာကို အနီးအနားက စားသောက်ဆိုင်မှာ စားကြပါတယ်။ မလက္ကာမှာ နာမည်ကြီးတဲ့ တရုတ်နဲ့မလေး အစားအစာကိုရောထားတဲ့ Nonya အစားအစာကို စမ်းစားကြည့်ခဲ့ကြပါတယ်။ မလက္ကာရောက်ရင် စားဖြစ်အောင် စားခဲ့နော်လို့ သူငယ်ချင်းတစ်ယောက်မှာလိုက်တဲ့ အလုံးလေးတွေလုပ်ထားတဲ့ ကြက်ဆီထမင်းကိုတော့ ဆိုင်မသိတာနဲ့ မစားခဲ့လိုက်ရပါဘူး။ မလက္ကာမှာ လည်ပတ်စရာတွေ အပြင် စားစရာတွေလည်းပေါလှပါတယ်။ ခရီးသွားတွေ အဓိကစားကြတာကတော့ မလက္ကာမှာမှ စတဲ့ Nonya အစားအစာပါ။ ရာဇ၀င်များအရ တရုတ်မင်းသမီး Hang Li Poကို အခြွေအရံတွေနဲ့တကွ မလက္ကာဘုရင်ကိုလက်ဆောင် အဖြစ်ဆက်သခဲ့ပါတယ်။ အဲဒီနောက်ကစပြီး မလေးနှင့်တရုတ် ရောနှောတဲ့ Nonya အစားအစာတွေ၊ ယဉ်ကျေးမှုတွေ မလက္ကာမှာ ထွန်းကားလာခဲ့ပါတယ်။

ညပိုင်းမှာတော့ နာမည်ကြီး Jonker Street ကို လျောက်ကြပါတယ်။ ဆယ့်ခုနှစ်ရာစုမှ နေအိမ်အဆောက်အဦးများနဲ့ ၀န်းရံထားတဲ့ ဒီလမ်းထဲမှာ ရှေးဟောင်းအနုပညာလက်ရာဆိုင်တွေ၊ ကြေးသွန်းရုပ်ထုတွေရောင်းတဲ့ဆိုင်တွေ၊ တရုတ်ရိုးရာလက်မှုပစ္စည်းဆိုင်တွေ၊ အင်္ကျီဆိုင်တွေ၊ လက်ဆောင်ပစ္စည်းဆိုင်တွေ ဒေသထွက်စာတွေရောင်းတဲ့ ဈေးဆိုင်သေးသေးလေးတွေနဲ့ လမ်းတစ်ခုလုံး ပြည့်နှက်လို့နေပါတယ်။

Jonker Street က အပြန်မှာတော့ အားလုံးပင်ပန်းနေကြပြီ ဖြစ်လို့ ဟိုတယ်ပြန်ပြီး နောက်တစ်နေ့မှာ ပြန်ဖို့အတွက် ပြင်ဆင်ကြရပါတော့တယ်။ ဒေသန္တရ ဗဟုသုတတွေမျိုးစုံကို သွပ်သွင်းထားတဲ့ ပြတိုက်မြို့လေးက အပြန်မှာတော့ တွေးစရာတွေ တပုံတပင်ပါလာပါတော့တယ်။ မည်သို့ပေဆိုစေ မလက္ကာမြို့လေးဟာ လှပမြဲ၊ ခေတ်၊စနစ်တွေရဲ့ တိုက်ခတ်မှုကို ကြံကြံခံမြဲ မဟုတ်ပါလား။

စကားပန်း
(သံလွင်အိပ်မက်..အတွဲ ၃ ၊ အမှတ် ၂ မှ)

Read More...

Wednesday, October 22, 2008

စာသင်ခန်းနဲ့ အနာဂတ်

ဒီရက်ပိုင်း အိမ်မှာလည်း စာမရေးဖြစ်၊ ရုံးမှာလည်း မြန်မာဖောင့် မရှိ ဖြစ်နေတာနဲ့ ဘလော့လေးကို ပစ်ထားတာ ကြာပေါ့။ အခုတော့ ရုံးမှာ မြန်မာလို ရိုက်လို့ရပြီ ဆိုတော့ ပို့စ်အသစ်တွေ ဆက်တိုက် တင်တော့မယ်လို့....မထင်နဲ့ဦးလို့။ :)

သံလွင်အိပ်မက် အတွဲ ၂၊ အမှတ် ၃ မှာ ပါခဲ့တဲ့ အက်ဆေး တစ်ပုဒ်ကို ပြန်တင်လိုက်ပါတယ်။

'ဘုရားသခင်က ငါတို့ကို ငတုံးတွေ အဖြစ် ဖန်တီးခဲ့ခြင်း မဟုတ်။ ငါတို့ရဲ့ ပညာရေးစနစ်ကသာ ငါတို့ကို တုံးစေခြင်းဖြစ်တယ်' (God doesn't create stupid people- our educational system does.) လို့ Robert T Kiyosaki က သူ့ရဲ့ နာမည်ကျော် စာအုပ်တစ်အုပ်ဖြစ်တဲ့ If you want to be Rich and Happy don't go to school စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီစာအုပ် ထွက်လာတော့ တစ်ယောက် တစ်မျိုးစီ တော်တော်လေး အငြင်းပွားခဲ့ ကြပေမယ့် ကျွန်မကတော့ တစ်ချို့အခန်းတွေကို ဖတ်ရင်း ကျွန်မ ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ ငယ်ဘ၀က မြန်မာနိုင်ငံ ကျောင်းပညာရေးကို ပြန်လည်မြင်ယောင်လာသလို ခံစားခဲ့ရပါတယ်။

“ ကြက်တူရွေး စာအံနည်း စနစ်ကို ကျင့်သုံးတဲ့ ကျွန်ပ်တို့ စာသင်ခန်းတွေဟာ ကျွန်ပ်တို့ကို ဦးနှောက်မရှိတဲ့ ကြက်တူရွေးတွေ ဖြစ်အောင် သင်ကြားပေးပါတယ်” လို့ စာရေးဆရာက သူ့ရဲ့ စာအုပ်မှာ တင်ပြထားပါတယ်။ တကယ်လည်း ကျွန်မတို့ ငယ်ငယ်က လက်ကလေးတွေ ပိုက်ပြီး ဆရာမရှေ့မှာ စာကို မထစ်မငေါ့ တစ်လုံးမကျန် အလွတ်ရွတ်ဆိုခဲ့ကြရတယ်လေ။ အဲဒီလို တစ်လုံးမကျန် အာဂုံဆောင်ပြီး ဆိုနိုင်ရင် ငါတော်လှချည်ရဲ့လို့ ဂုဏ်ယူတတ်ခဲ့ပါတယ်။ ကျွန်မ မသိခဲ့တာက မှတ်သားခြင်းဟာ အသိဥာဏ်မဟုတ်ဘူးဆိုတာကိုပါ။ အဲဒီ ထင်ယောင် ထင်မှား အသိဥာဏ်လေးနဲ့ ကျက်မှတ်ထားတဲ့ စာတွေကို တတွတ်တွတ် ရွတ်ဖတ်ခြင်းဟာ ရေမကူးတတ်ဘဲ ရေကူးနည်းကို တတွတ်တွတ် ရွတ်ဆိုပြီး ငါဟာ ရေကူးချန်ပီယံလို့ မှတ်ယူနေသလိုပါပဲ။


ဒီလိုနဲ့ မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း အပြင် တက္ကသိုလ်တွေမှာပါ ကြုံတွေ့လာရတဲ့ လက်တွေ့ခန်းမရှိမှု၊ ကျွမ်းကျင်ဆရာ အလုံအလောက်မရှိမှု၊ ပစ္စည်းကိရိယာ မစုံလင်မှု...စသော မှုများ များစွာနှင့်ပဲ ကျွန်မတို့တတွေလည်း ဘွဲ့ရ ပညာတတ်ဆိုတဲ့ ရေကူးချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ အဲဒီလို ရေကူးချန်ပီယံ ကျွန်မဟာ တကယ့် လုပ်ငန်းခွင်ထဲလည်း ရောက်ရော ရေထဲမှာ ယက်ကန်ယက်ကန်နဲ့ ဖြစ်နေပါတယ်။

နောက်တစ်ခုကတော့ ကျွန်မတို့ ကျောင်းတွေမှာ ကျင့်သုံးကြတဲ့ စာမေးပွဲစနစ်နှင့် အမှတ်ပေးနည်း စနစ်တွေကလည်းပဲ ကျွန်မတို့တတွေကို ပိုပြီး ရေလယ်မှာ နစ်မြုပ်စေပါတယ်။ ကျွန်မတို့ ငယ်ငယ်က သူ့ကျူရှင်တက်မှ အမှတ်ကောင်းကောင်းပေးမယ်ဆိုတဲ့ ဆရာမတော်တော်များများကို ကြုံခဲ့ဖူး ကြားခဲ့ဖူးပါတယ်။ ဆရာမတွေဟာ ကိုယ်တိုင် မေးခွန်းထုတ်ပိုင်ခွင့် ရရှိကြပြီး အဲဒီမေးခွန်းကိုပဲ စာမေးပွဲမှာ မေးမှာမို့ သူ့ကျူရှင်တက်တဲ့ ကလေးတွေကို မေးခွန်းပေး သင်ကြားတဲ့ စနစ်ဖြစ်လာပါတော့တယ်။ စာမေးပွဲစစ်ခြင်းရဲ့ အနှစ်သာရက အလိုလိုပျောက်ကွယ်သွားပြီး မေးခွန်းပေး အဖြေကျက်ဖြေတဲ့ စနစ်ဖြစ်လာပါတယ်။ အဲဒီထက်ပိုဆိုးတာကတော့ အဲဒီမေးခွန်းထုတ်တဲ့ ဆရာမကပဲ အဖြေလွှာကို ပြန်အမှတ် စစ်ပေးတာပါ။ ကိုယ့်ကျောင်းသား ကိုယ်သင်သလိုဖြေရင် အမှတ်ပြည့် တစ်ခြားနည်းနဲ့ ဖြေရင် မှန်မှန် မှားမှား အမှတ်လျော့ ဆိုတာတွေကို ပေါ်ပေါ်ထင်ထင် ကျင့်သုံးကြပါတယ်။ ဒီလိုနဲ့ ကျွန်မတို့တတွေရဲ့ ကိုယ်ပိုင်စဉ်းစားဥာဏ်၊ အသစ် ဖန်တီးနိုင်မှုစွမ်းရည်၊ လွတ်လပ်စွာ တွေးတောခွင့်တွေကို မှုန်ဝါးသထက် မှုန်ဝါးစေပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်မ ကြားလိုက်မိတာကတော့ ဆရာမ တစ်ယောက်ဟာ ကျောင်းသားရဲ့ အဖြေလွှာကို လဲခဲ့လို့ ကျောင်းက နှုတ်ထွက်ခိုင်းခဲ့တယ်တဲ့။ ကျွန်မတို့ ကျောင်းတွေမှာ ရှိနေတဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို လှစ်ပြလိုက်သလိုပါပဲ။ ဆရာမနဲ့ သိတဲ့ ကျောင်းသားမျိုး ၊ သူ့အဖေက ဘယ်သူ ဆိုတာမျိုးကို ကြည့်ပြီး မျက်နှာသာပေးတာ ခွဲခြားဆက်ဆံတာတွေဟာ ကျွန်မတို့ ကျောင်းတွေမှာ ကျင့်သုံးနေလေ့ရှိတဲ့ စနစ် တစ်ခုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လိုပြောရမလဲ ...နီးရာဓါး ကြောက်ရတယ်ပဲ ပြောရမလား၊ အူမတောင့်မှ သီလစောင့်မယ်ပဲ ပြောရမလား သေချာတောင်မသိတော့ပါဘူး။ ကျွန်မတို့ရဲ့ လက်ဦးဆရာလို့ တင်စားရတဲ့ ဆရာ၊ဆရာမတွေ ဒီသံသရာထဲက မထွက်နိုင်သရွေ့ ကလေးတွေရဲ့ စာရိတ္ထဟာ အမှားဘက်ကို တော်တော်လေး ဦးလှည့်နေပါလိမ့်မယ်။

ဒီကြားထဲကပဲ မေလ အတွင်းမှာ နာဂစ် ၀င်မွှေသွားတော့ ဧရာဝတီတိုင်းက တစ်ချို့စာသင်ကျောင်းတွေက ရေထဲကို လုံးဝပါသွားတာ ရှိသလို တစ်ချို့ စာသင်ကျောင်းတွေကတော့ အမိုးတွေလန်လိုလန် ပြိုကျလိုကျပြီး တော်တော်လေး ပျက်စီးခဲ့ပါတယ်။ ဇွန်လမှာ ထုံးစံအတိုင်း ကျောင်းတွေကို ပြန်ဖွင့်ခဲ့ပေမယ့် ဘာမှ သေချာ ပြင်ဆင်ခဲ့ခြင်း မရှိပါဘူး။ ကျွန်မ အမေ စာသင်နေတဲ့ မူလတန်း ကျောင်းလေးကတော့ ပြိုကျခဲ့ပြီး ကျောင်းဖွင့်ရက်အထိ မပြင်ဆင်ရသေးလို့ တစ်ခြား အလယ်တန်းကျောင်းမှာ ကျောင်းသားတွေရော ဆရာ၊ဆရာမတွေပါ ကျောင်းသွားတက်ကြရတယ်တဲ့။ ကြားကြားချင်းတော့ စိတ်ပူသွားသေးတယ် ဘယ့်နှယ် တစ်ကျောင်းကို နှစ်ကျောင်းပေါင်း ဖွင့်တယ်ပေါ့။ နောက်ထပ်ကြားလိုက်ရတာက ဇွန်လမှာ မိုးတွေ အလွန်ကြီးတာကြောင့် အဲဒီ အလယ်တန်းကျောင်းထဲကို ရေတွေ ၀င်လို့ နှစ်ကျောင်းလုံးကို ကျောင်းပိတ်ထားလိုက်တယ်တဲ့။ ငိုအားထက် ရယ်အားသန်သွားပါတယ်။ တောင်မင်း မြောက်မင်း မကယ်နိုင်ဆိုသလိုပါပဲ။ ပြောရရင် အဲဒီကျောင်းက ရန်ကုန်မြို့ပေါ်ကပါ။ ရန်ကုန်မြို့ဆိုတာ မြန်မာနိုင်ငံမှာ အဖွံ့ဖြိုးဆုံးမြို့လို့ ပြောလို့ရပါတယ်။ စာသင်စရာ ကျောင်းပျောက်နေမယ့် ကျောင်းသားလေးတွေရဲ့ ဘ၀ကို ရင်လေးလှပါတယ်။

ဒါပေမယ့် ကျွန်မ ဘာတတ်နိုင်လို့လည်း ကျွန်မလည်း ဒီပညာရေးမှာ လူလားမြောက်လာခဲ့ရတယ်။ ပြောင်းလဲချင်တယ် ပြောင်းလဲပစ်ရမယ်...ဒါကိုလည်း လူတိုင်းလိုလို သိကြတယ်။ ကြိုးစားကြတယ်။ အခုလောလောဆယ် အချိန်မှာတော့ တစ်စုံတစ်ခုဟာ ဘာမှမရှိတာထက်ကောင်းတယ် ဆိုသလို ကိုယ်ရရှိတဲ့ ကျောင်းပညာရေးကိုပဲ မိမိကိုယ်တိုင်ရဲ့လေ့လာမှုတွေ၊ စူးစမ်းမှုတွေ ပေါင်းစပ်ပြီး ကိုယ်တိုင်က ပညာရေးစနစ်ရဲ့ သားကောင် မဖြစ်ရလေအောင် ကိုယ်တိုင် ဖြည့်စွက် ကြိုးစား လေ့လာသင့်ကြပါတယ်။

Read More...

Saturday, September 13, 2008

မြတစ်လုံးကျောင်းတိုက်သို့......

ရန်ကုန် ဟာမစ်တစ်မှတ်တိုင် အနောက်ထဲမှာ ဘုန်းတော်ကြီးကျောင်းတွေ ရှိပါတယ်။ အဲဒီကျောင်းတွေထဲက မြတစ်လုံးကျောင်းတိုက်ကို တက်စီဆရာက ခေါ်သွားပါတယ်။ “ခဏဆင်းသွားပြီး ဘုရားဖူးလိုက်ပါ။ ကျွန်တော် ဒီမှာ စောင့်နေမယ် ” ဆိုပြီး အတင်းကြီး ဆင်းခိုင်းနေတာနဲ့ ကျွန်မတို့ နှစ်ယောက်လည်း တက်စီပေါ်ကဆင်းပြီး ကျောင်းဝင်းထဲကို ၀င်ပါတယ်။ ကျောင်းတိုက် အ၀င်ဝမှာ မြတစ်လုံးကျောင်းတိုက်လို့ ရေးထားလို့ ကိုရင်တစ်ပါးကို မေးကြည့်တော့ ဒီက ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားပြီး သူ့ရုပ်ထုတော်ရဲ့ မျက်လုံးတော်မှာ မြတစ်လုံးထည့်ထားလို့ “မြတစ်လုံး” ကျောင်းတိုက်လို့ အမည်ပေးထားတာတဲ့။ ကျွန်မစပ်စုနေတုန်း မောင် ကတော့ ကျောင်းတိုက်ထဲကို ၀င်သွားတာ တွေ့လိုက်တော့ အမြန်လိုက်မယ်ဆိုပြီး တံခါးဝကိုလည်းရောက်ရော ကျွန်မ ၀င်လို့မရပါဘူး။ လူတရပ်စာလောက်ရှိတဲ့ အဘ ဘိုးဘိုးအောင် ရုပ်ထုကြီးနဲ့ အ၀င်ဝမှာ ပိတ်နေပါတယ်။ အဲဒါနဲ့ ခုနက ကိုရင်လေးကို ခေါ်ပြီး ဘယ်လိုဝင်ရမှာလဲလို့ မေးတော့ ကိုရင်လေးက အဘရဲ့ ရင်ငွေ့ခံပြီးမှ ၀င်လို့ရမယ် အဘကို စိတ်နဲ့မှန်းပြီး ခွင့်တောင်းပြီးရင် ရုပ်ထု ဘေးနားက အပေါက်သေးသေးလေးကို ဖြတ်ပြီး ၀င်လို့ပြောတယ်။ ကျွန်မအဲဒီ အ၀င်ပေါက်သေးသေးလေးကို လည်းဖြတ်ရော အဘက စကားတွေလာပြောနေတယ်လို့ခံစားရတယ်။ ကျောင်းဆောင် အထဲလည်းရောက်ရော ကျွန်မရဲ့ မောင်က ကျွန်မကိုစောင့်မနေဘဲ တစ်ယောက်တည်း ဘုန်းကြီးကျောင်းဝင်းထဲကို လျောက်သွားနေတယ်။ ကျွန်မလည်း ဘုရားတွေကိုလျောက်ဖူး ပြီးတော့ မမြင်ဘူးတဲ့ ကိုယ်တော်တွေကိုလည်း တအံ့တသြဖူးပြီးတော့ ပြန်ထွက်မယ်လည်းလုပ်ရော သီလရှင်ကြီးတစ်ပါးနဲ့တွေ့တယ်။ အဲဒီသီလရှင်ကြီးက အညိုရောင် သင်္ကန်းကို ၀တ်ထားပြီး မှောင်မည်းနေတဲ့ ကျောင်းတိုက် အဆောင်တစ်ခုထဲမှာ စားပွဲတစ်လုံးနဲ့ထိုင်နေတယ်။ ကျွန်မကိုလည်းတွေ့ရော...“ သမီး နင်ပြန်ရတော့မယ်” လို့လှမ်းအော်တယ်။

ကျွန်မလည်း လန့်သွားတာပေါ့။ အဆုံးမရှိ အစမရှိနဲ့ ဘာမှန်းလည်းမသိ။ ကျွန်မကလည်း “ ဟုတ်ကဲ့။ သမီးတို့ လင်မယားနှစ်ယောက် စင်ကာပူကနေ အလည်လာတာပါ။ နောက်တစ်ပတ်ဆိုရင် ပြန်တော့မှာပါ။ ” လို့ပြောလိုက်တယ်။ အဲဒါနဲ့ “ ဆရာလေး သမီးကို ပြောစရာတွေ အများကြီးရှိတယ်။ ၀င်လာခဲ့တဲ့ ” ကျွန်မလည်း မှောင်နေတဲ့ မ၀င်ရဲတာနဲ့ “ဆရာလေးဆီ နောက်နေ့မှ သပ်သပ်ထပ်လာပါဦးမယ် အခုတော့ တက်စီစောင့်နေလို့ ပြန်တော့မယ်” လို့ပြောပြီး ဆရာလေးကိုလှူဖို့ ပိုက်ဆံတစ်ထောင်တန် တစ်ရွက်ထုတ်လိုက်ပြီး ဆရာလေးစားပွဲပေါ်မှာ သွားတင်လိုက်လိုက်တာ တစ်ထောင်တန်ကနေ တစ်ရာတန်ဖြစ်သွားတယ်။ အဲဒါနဲ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေကို ကြည့်လိုက်တော့ ကျွန်မ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ တစ်ပြားမှ မရှိတော့ဘဲ ဆရာလေးစားပွဲပေါ် အကုန်ရောက်နေတယ်။ အဲဒါနဲ့ ကျွန်မက လှမ်းယူလိုက်တော့ ပိုက်ဆံတွေက စက္ကူတွေဖြစ်သွားရော။ အဲဒီ အချိန်မှာ ကျွန်မ အရမ်းကို ကြောက်နေပြီ။ ဆရာလေးကလည်း “သမီး နင်ပြန်ရတော့မယ်” ဆိုတာကိုပဲ အခေါက်ခေါက် အခါခါ ပြောနေတယ်။ ပြီးတော့မှ “သမီး နင် ပိုက်ဆံတွေ အများကြီးလှူလို့ သမီးကို အဆောင်တစ်ခု ပေးမယ် ” လို့ ပြောပြီး သူ့အဆောင်အနောက်က ကွပ်ပစ်ပေါ်ကို ထွက်သွားတယ်။ ကျွန်မက သူ့အဆောင် အမှောင်ခန်းထဲကနေ လှမ်းကြည့်နေမိတယ် ။ ကွပ်ပစ်ပေါ်မှာ မီးခိုးတွေထွက်နေတဲ့ အနီရောင် အရည်တွေရှိတယ်။ သူက ပြောင်းနဲ့ အဲဒီ အရည်တွေကို မှုတ်လိုက်တာနဲ့ ကျွန်မဘေးနားမှာ ကြေးသွန်းထားတဲ့ ရုပ်ထုတစ်ခုရဲ့ ခေါင်းပိုင်းပေါ်လာတယ်။ သူ့ဘေးနားမှာ ကိုယ်ပိုင်းပေါ်လာတယ်။ အောက်လမ်းလိုလို မှော်လိုလို ဘာတွေမှန်းလည်း မသိတော့ ကျွန်မ အရမ်းကို ကြောက်နေပြီး “ ဆရာလေးရယ်၊ နောက်နေ့မှာ ထပ်လာပါ့မယ်။ အဲဒီနေ့မှ ယူပါရစေနော်။ သွားပါရစေတော့။ အပြင်မှာ တက်စီစောင့်နေလို့ပါ“ ဆိုပြီး ပြေးထွက်လာတယ်။

လမ်းက အလာတုန်းကနဲ့ မတူပဲ ကွေ့ကောက်နေတယ်။ လမ်းတလျောက်မှာလည်း ချောက်တွေ၊ ချောက်တွေ ပြီးတော့ ကျွန်မခေါင်းတွေ အရမ်းမူးနေတယ်။ အရှေ့ကို ဘာကိုမှ သည်းသည်းကွဲကွဲ မမြင်ရတော့ဘူး။ ဒီလိုပြေးရင်းနဲ့ ကျွန်မ မောလာတယ်။ နောက်ဆုံးတွေ့လိုက်ရတာက ခုနက ကြေးသွန်းရုပ်ရဲ့ ခြေထောက်ပိုင်း။ ပြီးတော့ ခေါင်းထဲမှာအရမ်းမူးလာပြီး မျက်လုံးတွေပြာလာတယ်။ နောက်ဆုံးတော့ ကျွန်မ သတိမေ့သွားတယ်။

သတိလည်းရလာရော ကျွန်မကို နှိုးနေတဲ့ မောင့်မျက်နှာကို တွေ့ရတော့တယ်။ ဘာတွေ ဖြစ်နေတာလဲတဲ့။ ကျွန်မ ယောင်ပြီး ကယောက်ကတန်းတွေ အော်နေလို့တဲ့လေ။ ဟင်...ဒါဆို အိပ်မက်ပေါ့။ ဟူး.....တော်ပါသေးရဲ့။ ဒါပေမယ့် ပြန်တွေး ကြည့်ရင် ကြက်သီးတော့ ထသား။

( ညက မက်တဲ့ အိပ်မက်ကိုပြန်ရေးထားတာပါ။ တကယ်လို့ ဒီအိပ်မက်ကိုများ အဓိပ္ပါယ် ဖော်နိုင်လို့ရှိရင် ကျေးဇူးပြုပြီး ကူညီကြပါလို့။ )

Read More...

Monday, September 8, 2008

ပထမဆုံး ပန်းချီကား


ရန်ကုန်က ပန်းဆိုးတန်း လောကနတ်မှာ ၊ ဗိုလ်ချုပ်ဈေးက ပန်းချီပြခန်းတွေမှာ ဘာရယ်မဟုတ်ဘဲ လိုက်လိုက်ငေးတတ်ခဲ့ကြပြီး စကာင်္ပူမှာလည်း ပန်းချီကားတွေတွေ့ရင် သွားရည်ကျနေတတ်ကြတဲ့ ကျွန်မတို့နှစ်ယောက် မနေ့ကတော့ မှတ်မှတ်ရရ ဆီဆေး ပန်းချီကားတစ်ချပ် ၀ယ်လာဖြစ်ပါတယ်။ ဆိုင်ပိတ်ခါနီးမှ ရောက်သွားတော့ ဆိုင်ရှင်က ပြန်ချင်နေပြီး ဈေးတွေလျော့ပေးတာက တစ်ကြောင်း၊ နှစ်ယောက်လုံးကြိုတ်တဲ့ အဖြူအရောင်နဲ့ အပြာရောင်ကို အဓိကထားပြီး လိုက်ဖတ်ညီညီ သုံးထားတာက တစ်ကြောင်း၊ သူ လိုချင်ပြီဆို ဘယ်လိုမှတားလို့ မရတတ်လို့ မတားလိုက်တော့တာက တစ်ကြောင်းနဲ့ အဲဒီပန်းချီကားလေး အိမ်ပါလာပါတော့တယ်။ အဲ အိမ်ရောက်မှ ဒုက္ခစတွေ့တာပါပဲ အိပ်ခန်းကျဉ်းကျဉ်းလေးထဲ ဘယ်နားမှာ ချိတ်မလဲဆိုပြီး တော်တော်လေး ခေါင်းစားရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီပန်းချီကားလေးဟာ ပထမဆုံးဝယ်ဖြစ်တဲ့ အမှတ်တရကားလေးပါ။ နောက်ဆို ပန်းချီကားတွေကို ဧည့်ခန်းမှာ ချိတ်နိုင်တဲ့ အိမ်ကျယ်ကျယ်လေးရှိတော့မှသာ ဒုတိယ၊ တတိယ ပန်းချီကားတွေ ထပ်ဝယ်ဦးမယ်လို့။

Read More...

Friday, August 15, 2008

ကျွန်မမောင်လေးဖတ်ဖို့ (၇)

မင်းဘယ်လောက်တော်တယ်ဆိုတာထက် မင်းဘယ်လောက် ဆန္ဒပြင်းပြလဲဆိုတာ ပေါ်မူတည်တယ်...

ပထမဦးဆုံး မင်းလုပ်နိုင်တာထက်ပိုတဲ့ ရည်မှန်းချက်တစ်ခုကို မြင့်မြင့် ရည်မှန်းထားဖို့လိုလိမ့်မယ်။ နောက် မင်းအစွမ်းဆောင်နိုင်ဆုံး ပြီးမြောက်အောင်လုပ်ရင်း မစွမ်းဆောင်နိုင်တဲ့ အရာတွေကိုပါ ကြိုးစားပြီး အောင်မြင်အောင် ဆောင်ရွက်ရလိမ့်မယ်။ တကယ်လို့များ မင်းက အကောင်းဆုံးကုမ္ပဏီမှာ အလုပ်လုပ်လို့ အဆင်ပြေမှာ မဟုတ်ဘူးလို့ ထင်နေရင် အဲဒါကို မင်းရဲ့ ရည်မှန်းချက်အဖြစ် ထားလိုက်တော့။ ဒါမှမဟုတ် မင်းက ကိုယ်ပိုင်ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလို့ ထင်နေရင် အဲဒါကို မင်းရည်မှန်းချက် အဖြစ် သတ်မှတ်ထားလိုက်။

မင်းတကယ် ဘာဖြစ်ချင်လဲ ဆိုတာကို အရင် သိနိုင်အောင် ကြိုးစားပါ။

Victoria Beckham ငယ်ငယ် ဆယ်ကျော်သက်အရွယ်တုန်းက ရည်မှန်းချက်က သူမရဲ့သူငယ်ချင်းများထက် သာလွန်ဖို့၊ နောက် အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်ဖို့တင်မကဘဲ ကမ္ဘာမှာ သူမ နာမည်တစ်ခုဖြစ်လာဖို့လည်း ပါဝင်တယ်။ သူမက စိတ်ကူးယဉ်နေရုံတင်မကဘူး တကယ်ကို ပြင်းပြင်ထန်ထန်လိုချင်ခဲ့တယ်။ အဲဒီအချက်က သူမကို ငါတို့တတွေနဲ့ ကွာခြားသွားစေတဲ့ အချက်ပဲ။ တကယ်က သူမ ဘယ်လောက်တော်တယ် ဆိုတာထက် သူမ ဆန္ဒဘယ်လောက်ပြင်းပြလဲ ဆိုတာမှာ မူတည်တယ်။

" မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ "

"It's not how Good you are, it's how Good you want to be" မှ ကောက်နုတ် ဘာသာပြန်ပါသည်။

Read More...

Friday, August 1, 2008

အသိအမှတ်ပြုတတ်ကြစေချင်ပါသည်...

ဒီနေ့ email စစ်လိုက်တော့ fwd မေးလ် တစ်ခုတွေ့ပါတယ်။ ဖွင့်ကြည့်လိုက်တော့ သံလွင်အိပ်မက် အတွဲ ၂၊ အမှတ် ၂ ရဲ့ ဗေဒင်ကို ပို့ထားတာဖြစ်ပါတယ်။ fwd မေးလ်တွေရဲ့ ထုံးစံအတိုင်း မူရင်း ဘယ်ကလဲဆိုတာ မသိရပါဘူး။ အရင်ကလည်း ဘလော့စာမျက်နှာတွေပေါ်က စာတွေကို စာရေးသူတွေ နာမည်မပါဘဲ ကူးယူပေးပို့ကြတဲ့ fwd မေးလ်တွေ အများအပြား လက်ခံရရှိဖူးပါတယ်။ ကျွန်မအနေနဲ့ ဘလော့တော်တော်များများကို သွားဖတ်လေ့ရှိတာမို့ ရလာတဲ့ မေးလ်တွေက ဘယ်ဘလော့ကနေ ကူးပြီးဖော်ပြထားတာဆိုတာကို သိနိုင်ပေမယ့် ဒီစာကို ကြိုက်လို့မျှဝေချင်တယ် ဆိုရင် စာရေးသူရဲ့ နာမည်လေး၊ ကိုယ်ကူးယူဖော်ပြလိုက်တဲ့ ဆိုက်ကလေးရဲ့ နာမည်လေးတော့ ထည့်ပြီးမှ ပေးပို့သင့်တယ်လို့ထင်ပါတယ်။

အခုဆို မြန်မာဘလော့တွေ တော်တော်များလာပါပြီ။ စာကောင်းပေကောင်း တော်တော်များများကိုလည်း ဘလော့တွေပေါ်မှာ ဖတ်လို့ရနေပါပြီ။ ဗဟုသုတရစရာတွေ၊ ရသမြောက်လှတဲ့ အရေးအဖွဲ့တွေ၊ သတင်းအချက်အလက်တွေ တော်တော်များများကို ဘလော့တွေ ပေါ်မှာ မျှဝေကြ၊ ဆွေးနွေးကြ၊ တိုင်ပင်ကြနဲ့ တကယ့်ကို ၀မ်းမြောက်စရာပါ။ အဲဒီဘလော့တွေကို လာဖတ်တဲ့ သူတွေရှိသလို၊ ဘလော့မဖတ်တဲ့သူတွေကိုလည်း မိမိဖတ်ထားတာတွေကို ဝေမျှချင်တဲ့ စေတနာနဲ့ emailတွေကနေ တဆင့် မျှဝေကြတာကလည်း ကောင်းတဲ့အချက် တစ်ခုပါပဲ။ဒါပေမယ့် အဲဒီလို မေးလ်တွေက တဆင့် မျှဝေရင်လည်း စာရေးတဲ့သူကို ဖော်ပြပေးခြင်းအားဖြင့် အသိအမှတ်ပြုပေးစေချင်ပါတယ်။ စာရေးသူ တစ်ယောက်ဟာ သူရေးတဲ့ စာအပေါ်မှာ တာဝန်ရှိသလို၊ စာဖတ်သူတွေကလည်း မျှဝေမယ် ဆိုရင် အဲဒီစာရေးဆရာကို လေးစားစွာ အသိအမှတ်ပြုပေးသင့်ပါတယ်။

စာတစ်ကြောင်းဖြစ်လာဖို့၊ စာတစ်ပိုဒ်ဖြစ်လာဖို့ဆိုတာ စာရေးသူတွေ အတွက် တကယ်ကိုရင်းနှီးလိုက်ရတဲ့ အရင်းအနှီးတွေ အများကြီးရှိပါတယ်။ အနည်းဆုံးတော့ သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို စတေးကြရပါတယ်။ သတင်းအချက်အလက်ပေးချင်တယ်ဆိုရင် သက်ဆိုင်ရာအချက်အလက်တွေကို လေ့လာကြရပါတယ်။ ရသစာဆိုရင်လည်း တကယ်အနုပညာရသမြောက်အောင် ခံစားပြီး ရေးဖွဲ့ကြပါတယ်။ ကျွန်မအတွက်တော့ ကဗျာတစ်ပုဒ် ဖြစ်လာဖို့၊ ဆောင်းပါးတစ်ပုဒ် ဖြစ်လာဖို့ တော်တော်ကို အချိန်ပေးရပါတယ်။ ကျွန်မ ကဗျာရေးခဲပါတယ်။ ရေးတိုင်းလည်း ခံစားတာတွေကို ဖွင့်ထွက်ချင်လို့ ရေးဖြစ်ခဲ့တာများပါတယ်။ တခါတလေဆို စာတစ်ကြောင်းရေးရင် တစ်ခါငိုရပါတယ်။ အဲဒီလို ရင်ထဲက အတိုင်း ရင်းပြီး ခံစားတတ်ပါတယ်။ ဒီကဗျာကို စာဖတ်သူတွေ ကိုယ်ခံစားရသလို ခံစားလို့ရချင်မှ ခံစားလို့ရပေမယ့် စာရေးသူတစ်ယောက်အနေနဲ့တော့ ဖတ်တိုင်းကိုယ့်ရင်ထဲကို ကိုယ် ပြန်ပြန်မြင်ယောင်လာသလိုပါပဲ။ ကဗျာကောင်းတစ်ပုဒ်ရပြီဆိုရင် ကိုယ့်ရင်သွေးလေး အောင်မြင်တာကို မြင်ရသလိုပဲ ၀မ်းသာကြည်နူးနေတတ်ပါတယ်။ အဲဒါက စာရေးသူုတစ်ယောက်ရဲ့ ခံစားချက်ပါ။

နောက် အချိန် အကြောင်းပြောချင်ပါတယ်။ ကျွန်မတို့ နှစ်ယောက်စလုံး စာရေးကြပါတယ်။ စာရေးတဲ့ အခါမှာလည်း ဘေးမှာ တစ်ယောက်ယောက်က လာပြီး စကားပြောနေတာ နှောက်ယှက်တာကို မလိုလားကြပါဘူး။ အဲဒီတော့ တစ်ယောက် စာရေးတော့မယ်ဆိုရင် တစ်ယောက်က ငြိမ်ငြိမ်လေးနေပေးရပါတယ်။ စာဖတ်နေတာမျိုး ဒါမှမဟုတ် စာရေးနေတာမျိုးပါ။ စာရေးတယ်ဆိုတာကလည်း အာရုံလာတဲ့အချိန်မျိုးမှာ ရေးတတ်ကြတာပါ။ သူစာရေးနေလို့ ငါလိုက်ရေးမယ်ဆိုပြီးလုပ်လို့မရပါဘူး။ ဒီတော့ နှစ်ယောက်တွေ့ရတဲ့ အချိန်ကမှ နည်းနည်းရယ် အဲဒီအချိန်မှာ တစ်ယောက်က အာရုံလာလို့စာရေးနေရင် နောက်တစ်ယောက်က တိတ်တိတ်လေးနေရပြီး နောက်တစ်ယောက်က စာရေးရင် တစ်ယောက်က တိတ်တိတ်လေးနေပေးရမယ်ဆိုတော့ နှစ်ယောက်စလုံးသာ တစ်ယောက် တစ်ချိန်စီ စာရေးနေကြရင် စကားပြောချိန်တောင်ရမှာ မဟုတ်တော့ပါဘူး။ စာရေးသူတိုင်းမှာ စာရေးဖို့အတွက် သူတို့ ကိုယ်ပိုင်အချိန်တွေကိုသာမက သူတို့ ပတ်ဝန်းကျင်ကလူတွေရဲ့ အချိန်တွေကိုပါ စတေးလိုက်ရလေ့ရှိတာပါ။ နှစ်ယောက်တည်းရှိတဲ့ ကျွန်မတို့အတွက်တော့ နှစ်ယောက်စလုံးရဲ့ အချိန်ကို စတေးရတာပါ။

ဒါတွေထက်မက တခြားစာရေးသူတွေမှာလည်း စာတစ်ပုဒ်ဖြစ်လာဖို့အတွက် တခြား ပေးဆပ်ရတာတွေရှိဦးမှာပါ။ အဓိကပြောချင်တာကတော့ ဒီအရင်းအနှီးတွေ အတွက် အသိအမှတ်ပြုပေးဖို့ပါ။ ကိုယ်ကသူတို့ရဲ့ စာကောင်းစာမွန်တွေကို ဖတ်ခွင့်ရတာကိုက တကယ့်ကို ကျေးဇူးတင်စရာပါ။ သူတို့ရဲ့စာတွေကို နာမည်နှင့်တကွ ဖော်ပြပေးပြီးထပ်ဆင့် ပြန်မျှဝေတယ်ဆိုရင် စာရေးသူတစ်ယောက်အနေနဲ့ ဘယ်လောက်များ ၀မ်းသာပီတိဖြစ်ကြမလဲလို့။

စကားပန်း

Read More...